အမျိုးသားများတွင် ရင်သားစူထွက်ကြီးထွားခြင်း
- ရင်သား(နို့အုံ) ဆိုတာ အမျိုးသားရော အမျိုးသမီးမှာပါရှိတဲ့ အဆီဂလင်းတစ်ရှူးတစ်ခုပါ။ မတူတာကတော့ အမျိုးသမီးများမှာက မျိုးဆက်ပွားခြင်းအတွက် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကြီးထွားဖွံ့ဖြိုးမှုရှိလာပြီး အမျိုးသားများမှာ မဖွံ့ဖြိုးတာပဲကွာတာပါ။
အမျိုးသားများမှာ ရင်သားစူထွက်ကြီးထွားခြင်းဖြစ်နိုင်သလား?
ဖြစ်နိုင်ပါတယ်။ တစ်ဘက်တည်းမှာလည်းဖြစ်နိုင်သလို နှစ်ဘက်စလုံးလည်း အရွယ်မတူဘဲ စူထွက်ကြီးထွားနိုင်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်တတ်သလဲ?
လူပျိုဖော်ဝင်စအမျိုးသားတွေနဲ့ အသက်ကြီးသူအမျိုးသားတွေမှာ ဟော်မုန်းဓာတ်မညီမျှခြင်းကြောင့် ရင်သားစူထွက်ကြီးထွားခြင်း ပိုဖြစ်နိုင်ပါတယ်။ မွေးကင်းစကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ တချို့အမျိုးသားတွေမှာကတော့ ဝလို့ ရင်အုပ်ရှိအဆီများပြားနေခြင်းသာဖြစ်ပြီး ရင်သား(နို့အုံ)ဂလင်း တကယ်ကြီးထွားတာမဟုတ်ပါဘူး။
ဘာကြောင့် အမျိုးသားများမှာ ရင်သားစူထွက်ကြီးထွားခြင်းဖြစ်သလဲ?
တက်စတိုစတီရုန်း( အမျိုးသားဟော်မုန်း) ကျခြင်း နှင့် အမျိုးသားများမှာ ပုံမှန်အားဖြင့် ပမာဏအနည်းငယ်သာရှိနေတဲ့ အီစထရိုဂျင်(အမျိုးသမီးဟော်မုန်း)များလာခြင်း ကြောင့် ဖြစ်ပါတယ်။ လူတိုင်းမှာ ဒီဟော်မုန်းနှစ်ခုဟာ မျိုးဆက်ပွားအဂ်ါတွေကို အလုပ်လုပ်စေပါတယ်။ ရှိတဲ့ပမာဏ အနည်းအများသာ ကျားနှင့်မ မတူညီဘဲ ကွာခြားတာဖြစ်ပါတယ်။ သိထားကြပြီးတဲ့အတိုင်းပါပဲ။ တက်စတိုစတီရုန်း( အမျိုးသားဟော်မုန်း)ဟာ အမျိုးသားဆန်မှုကို ဖြစ်စေပြီး အီစထရိုဂျင်(မဟော်မုန်း)ကတော့ အမျိုးသမီးဆန်မှုကို ဖြစ်စေပါတယ်။
ရင်သားစူထွက်ကြီးထွားရင် ဘာလက္ခဏာတွေရှိသလဲ?
- ရင်သားအနည်းငယ်နာကျင်ခြင်း
- နို့သီးခေါင်းအောက်ရှိ ရင်သားတစ်ရှူး စူထွက်ဖောင်းထွက်လာခြင်း
- နို့သီးခေါင်းအထိမခံနိုင်ခြင်း
- မိမိဘာသာရှက်ရွံ့၊ စိတ်ကသိကအောက်ဖြစ်ရခြင်း တွေဖြစ်တတ်ပါတယ်။
အမျိုးသားများရင်သားစူထွက်ကြီးထွားလာတာဟာ များသောအားဖြင့် အရေးတကြီး ထူးခြားတဲ့ပြဿနာတော့ မဟုတ်ပါဘူး။ ကင်ဆာလည်းမဟုတ်ပါဘူး။ သူ့အလိုလို ပုံမှန်အခြေအနေကို ပြန်ရောက်သွားတာမျိုးလည်းရှိပါတယ်။ သူ့အလိုလိုပုံ မှန်ပြန်မဖြစ်သွားတော့ရင်သာ အချို့ရောဂါနဲ့ဆေးဝါးတွေကြောင့်ဖြစ်နေနိုင်ပါတယ်။
မွေးကင်းစကလေးရင်သားစူထွက်ကြီးထွားခြင်း
ဗိုက်ထဲမှာတုန်းက မေမေ့ဆီက အမျိုးသမီးဟော်မုန်း(အီစထရိုဂျင်) တွေရဲ့ သက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ အရေးကြီးပြဿနာမဟုတ်ပါဘူး။ မွေးပြီး နှစ်ပတ် သုံးပတ်အကြာမှာ ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါတယ်။
လူပျိုဖော်ဝင်စအမျိုးသားများ ရင်သားစူထွက်ကြီးထွားခြင်း
လူပျိုပေါက်ကလေးတွေမှာ ဟော်မုန်းဓာတ်အတက်အကျမြန်ခြင်းကြောင့် အနည်းငယ် ရင်သားစူထွက်ကြီးထွားခြင်းကလည်း ပုံမှန်ဖြစ်ပါတယ်။ ခြောက်လမှ နှစ်နှစ် သုံးနှစ် အတွင်းမှာ ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါတယ်။
အသက်ကြီးသူအမျိုးသားတွေ ရင်သားစူထွက်ကြီးထွားခြင်း
အသက် ၅၀ နှင့် ၈၀ အရွယ်ကြား အမျိုးသားတွေ ၅၀ ရာခိုင်နှုန်းခန့် မှာ အမျိုးသားဟော်မုန်းကျဆင်းလာတဲ့အတွက် ရင်သားစူထွက်ကြီးထွားခြင်းဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ တခြားဘာရောဂါလက္ခဏာမှမရှိသလို အန္တရာယ်လည်းမရှိပါ။
အရက်နှင့် ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးများကြောင့်ဖြစ်ခြင်း
ဆီးကျိတ်ကြီးခြင်းအတွက်ဆေးများ၊ ဟော်မုန်းပြဿနာများနဲ့ လူပျိုဖော်ဝင်နောက်ကျခြင်းအတွက် သောက်နေရသောဆေးများ၊ အချို့သော သွေးတိုးရောဂါ၊ နှလုံးရောဂါဆေးများ၊ အစာအိမ်ရောဂါကုဆေးများ၊ စိတ်ရောဂါကုဆေးများ၊ HIV /AIDS အတွက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်တတ်ပါတယ်။၊ ကြွက်သား ကြီးထွားဆေးများမှီဝဲသူ၊ မူးယစ်ဆေးနှင့် တားမြစ်ဆေးဝါးသုံးသူ၊ အရက်သောက်သူ အမျိုးသားတွေမှာလည်း ရင်သားစူထွက်ကြီးထွားခြင်းဖြစ်တတ်ပါတယ်။
ရောဂါများ
နာတာရှည်ကျောက်ကပ်ရောဂါ၊ အသည်းခြောက်ရောဂါ၊ အဆုပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ သိုင်းရွိုက်ဂလင်းရောဂါ၊ ပီကျူထရီဂလင်းရောဂါရှိသူ အမျိုးသားများနှင့် ရှားပါးခရိုမိုဇုမ်းရောဂါများမှာ ရင်သားစူထွက်ကြီးထွားခြင်းဖြစ်ပါတယ်။
ရင်သားဟာ သိသိသာသာဖောင်းတက်လာခြင်း၊ အလွန်နာကျင်ခြင်း၊ ရင်သားနှင့် ချိုင်းအောက်နေရာများတွင် ယားယံခြင်း၊ နို့သီးခေါင်းမှ အရည်နှင့်သွေးများထွက်ခြင်း ဖြစ်လာရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။ ရိုးရိုးပဲ ရင်သားစူထွက်ကြီးထွားတာလား၊ ရင်သားအကျိတ် သို့မဟုတ် ကင်ဆာလား ခွဲခြားဖို့လိုပါမယ်။ သွေးစစ်၊ ဆီးစစ်ခြင်း၊ ရင်သားဓာတ်မှန်ရိုက်ခြင်း၊ ရင်သားအသားစယူစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။
ရောဂါကြောင့်ရင်သားစူထွက်ကြီးထွားခြင်းကို အသက်အရွယ်နဲ့ ဖြစ်တဲ့အခြေအနေ အတိမ်အနက်ပေါ်မူတည်ပြီး ဆေးသောက်ခြင်း၊ ခွဲစိတ်ခြင်းများဖြင့် ကုသနိုင်ပါတယ်။ သက်ဆိုင်ရာဆရာဝန်များနှင့်လည်း ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကုသနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်
Phyokoko 02 Apr 2024 |
ရင်းသား